စစ်ကောင်စီရဲ့လုပ်ရပ်တွေက အကြမ်းဖက်မှုတွေရပ်တန့်ဖို့တောင်းဆိုထားတဲ့ ကုလလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ချိုးဖောက်နေလို့ NUG ထုတ်ပြန်

ဇန်နဝါရီ ၁၂၊ The Nation Voice

စစ်ကောင်စီရဲ့ လုပ်ရပ်တွေဟာ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့တောင်းဆိုထားတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ပြောင်ပြောင်တင်းတင်းချိုးဖောက်တာဖြစ်ပြီး မြန်မာ့အရေးကိစ္စကို ပြေလည်စေဖို့ ကူညီဆောင်ရွက်နေတဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ကြိုးစားမှုတွေကိုလည်း လျစ်လျူရှုနေတာ ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ပါတယ်။

ချင်းအမျိုးသားတပ်ဦး(CNF)ဌာနချုပ်ကိုစစ်ကောင်စီက လေကြောင်းကနေ ၂ရက်ဆက် တိုက်ခိုက်ခဲ့တဲ့ ဖြစ်ရပ်အပေါ် NUGက ကြေညာချက်ထုတ်ပြန်ရာမှာ အခုလို ဖော်ပြခဲ့တာပါ။

ဒါကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာ့အရေးကိစ္စကို အမြန်ဆုံးဖြေရှင်းနိုင်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ အပါအဝင် ပြည်သူလူထုကို ကိုယ်စားပြုတဲ့ မြန်မာ့တော်လှန်ရေးအင်အားစုတွေနဲ့ ခိုင်ခိုင်မာမာလက်တွဲ ဆောင်ရွက်သင့်တယ်လို့ NUG က တိုက်တွန်းထားပါတယ်။

စစ်ကောင်စီတပ်ဟာ CNF ဌာနချုပ်ကို ဇန်နဝါရီ ၁၀ရက်နဲ့ ၁၁ရက်မှာ ၂ရက်ဆက် ဗုံးကြဲတိုက်ခိုက်ခဲ့လို့ရဲဘော် (၅)ဦးကျဆုံးပြီး (၁၀)ဦး ခန့်ဒဏ်ရာရခဲ့သလို ဆေးကုသဆောင် အပါအဝင် အဆောက်အဦးတွေ ထိခိုက်ပျက်စီးခဲ့ပါတယ်။

အခု တိုက်ခိုက်မှု မတိုင်မီကလည်း စစ်ကောင်စီတပ်ဟာ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့မှာ လေကြောင်းအသုံးပြုကာ ဗုံးကြဲတိုက်ခိုက်မှုတွေ ကြိမ်ဖန်များစွာပြုလုပ်ခဲ့ရာ အာဏာသိမ်းကာလအတွင်း လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးသူ (၄၆၀)ကျော်ရှိခဲ့ပြီး အများစုမှာ အရပ်သား ပြည်သူတွေ ဖြစ်ကြောင်း NUG က အသိပေးဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ လူမဆန်တဲ့ သတ်ဖြတ်မှုတွေကြောင့် ကျဆုံးခဲ့ရတဲ့ တိုင်းရင်းသား ပြည်သူတွေအတွက် ဝမ်းနည်းကြေကွဲ ရကြောင်း NUG က ထုတ်ပြန်ခဲ့ပါတယ်။

ကျဆုံးခဲ့ရသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းအတွက် တရားမျှတမှုကို ပြန်လည်ရရှိနိုင်ရေး ပြည်တွင်းနဲ့ နိုင်ငံတကာတရားဥပဒေတွေနဲ့အညီ အစွမ်းကုန်ကြိုးစား ဆောင်ရွက်သွားမယ်လို့လည်း ဖော်ပြထားပါတယ်။

စစ်ကောင်စီက CNF ဌာနချုပ်ကို ဗုံးကြဲရာမှာ အိန္ဒိယနိုင်ငံ နယ်နိမိတ်အတွင်း ဗုံးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပါတယ်။

ဒီအချက်ကို NUG ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး အိမ်နီးချင်းနိုင်ငံတွေ အနေဖြင့်လည်း မိမိတို့ရဲ့ လေပိုင်နက်ကို ကျော်လွန်အသုံးပြုကာ မြန်မာပြည်သူတွေကို သတ်ဖြတ်နေရုံသာမက၊ အိမ်နီးချင်းနိုင်ငံတွေက ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်လုံခြုံမှုကိုပါ ခြိမ်းခြောက်လာနေတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို ထိရောက်ပြင်းထန်စွာ အရေးယူမှု အမြန်လုပ်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *