ဇန်နဝါရီ ၁၁၊ The Nation Voice
ထိုင်းနိုင်ငံမှာ မူးယစ်ဆေးဝါးလုပ်ငန်း စီးနင်းဖမ်းဆီးမှုထဲမှာ မင်းအောင်လှိုင် မိသားစုရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းရမိတဲ့အကြောင်းကို ကမ္ဘာ့သတင်းမီဒီယာတွေမှာ အကျယ်တဝံ့ဖော်ပြနေကြပါတယ်။
မြန်မာလူမျိုး ခရိုနီ စစ်လက်နက်ပွဲစား ထွန်းမင်းလတ်နဲ့ သူ့ရဲ့ကွန်ရက်ကို မူးယစ်ဆေးဝါးရောင်းဝယ်ဖြန့်ချိမှုနဲ့ စီးနင်းဖမ်းဆီးရာမှာ စစ်ရာဇဝတ်ကောင်ဖြစ်သူ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့သားဖြစ်သူ အောင်ပြည့်စုံပိုင်ဆိုင်တဲ့ တန်ဖိုးကြီးကွန်ဒိုခန်းတစ်ခန်းရဲ့ပိုင်ဆိုင်မှုအထောက်အထားနဲ့ သမီးဖြစ်သူ ခင်သီရိသက်မွန်ရဲ့ ထိုင်းဘဏ်စာအုပ်တွေကို ထိုင်းရဲတွေက တွေ့ရှိခဲ့တဲ့အကြောင်းကို Justice For Myanmar က ဖော်ထုတ်ရေးသားခဲ့ပါတယ်။
အဲဒီအကြောင်းကို ပြည်တွင်းသတင်းမီဒီယာတွေက အကျယ်တဝံ့ဖော်ပြခဲ့ပြီးနောက် ကမ္ဘာ့နာမည်ကြီး သတင်းမီဒီယာတွေကလည်း အကျယ်တဝံ့ဖော်ပြခဲ့ကြပြီး သူတို့ရဲ့ သတင်းခေါင်းစဉ်မှာလည်း မင်းအောင်လှိုင်ကို မြန်မာအစိုးရတစ်ရပ်အဖြစ် သုံးနှုန်းတာမျိုးမရှိခဲ့ဘဲ အာဏာသိမ်းစစ်ခေါင်းဆောင်လို့ တညီတညွတ်တည်း သုံးစွဲခဲ့ကြပါတယ်။
ဒီလို မြန်မာခရိုနီ စစ်လက်နက်ပွဲစား ထွန်းမင်းလတ်ရဲ့လက်ထဲမှာတွေ့ရှိခဲ့တဲ့ အထောက်အထားတွေနဲ့ စစ်အုပ်စုကို ပိတ်ဆို့အရေးယူထားတာတွေကိုကျော်လွန်ပြီး ဘဏ်တွေသုံးစွဲခွင့်ရရှိနေတာတွေနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးပေးဖို့ ထိုင်းရဲတပ်ဖွဲ့ကို Justice For Myanmar က တောင်းဆိုထားပါတယ်။


