ဇန်နဝါရီ ၁၂၊ The Nation Voice
ရေးဘီလူးအဖွဲ့ခေါင်းဆောင် ရေးဘီလူးနဲ့ ဗျူဟာမှူး ဗိုလ်အယ်စေးဝါးတို့ဟာ မဟာမိတ်အဖြစ်တွေ့ဆုံပေါင်းစည်းလိုက်ကြောင်း Lion Battalion Commando-ဗျူဟာစစ်ကြောင်းက တရားဝင်ထုတ်ပြန်လာပါတယ်။
ရေးဘီလူးနဲ့ ဗျူဟာမှူး ဗိုလ်အယ်စေးဝါးတို့မြေပြင်တွေ့ဆုံတာဟာ ဇန်နဝါရီ(၉)ရက်နေ့ကတည်းက လူမှုကွန်ရက်မှာပြန့်နှံ့နေပေမဲ့ ဘာကြောင့်တွေ့ဆုံတယ်ဆိုတာကိုတော့ တိတိကျကျ မသိခဲ့ရပါဘူး။
မနေ့က ညပိုင်းမှာတော့ Lion Battalion Commando-ဗျူဟာစစ်ကြောင်းက ရေးဘီလူးအဖွဲ့နဲ့မဟာမိတ်အဖြစ် တွေ့ဆုံပေါင်းစည်းကြောင်းနဲ့ မြို့ပြတိုက်ပွဲတွေကို အရင်ကထက် အရှိန်မြှင့်တင်ပြီး တိုက်ပွဲဝင်သွားမှာ ဖြစ်ကြောင်းကို အသိပေးလာပါတယ်။
“ပိုမိုပြင်းထန်လာသောတိုက်ပွဲအရှိန်အဟုန်သည် ပြည်တွင်းပြည်ပရှိ ထောက်ပို့ရဲဘော်များ၏ ထောက်ပံ့မှုများနှင့် တိုက်ရိုက်အချိုးကျလျက်ရှိရာအင်တိုက်အားတိုက် ပါဝင်ကူညီပေးကြဖို့ကိုလည်း တောင်းဆိုအပ်ပါသည်”လို့ Lion Battalion Commando-ဗျူဟာစစ်ကြောင်းက တောင်းဆိုထားပါတယ်။
Lion Battalion Commando-ဗျူဟာစစ်ကြောင်းဟာ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အတွင်းမှာ စစ်ရေးလှုပ်ရှားမှုတွေကို လုပ်ဆောင်လျှက်ရှိသလို ရေးဘီလူးအဖွဲ့ဟာလည်း ရေးမြို့နဲ့(၂)မိုင်ခန့်သာကွာဝေးတဲ့ ကျုံလောင်းရွာဟောင်းကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ဇန်နဝါရီ(၇)ရက်က အသိပေးထားပါတယ်။
ဒါ့အပြင် ရေးဘီလူးအဖွဲ့ဟာ ဇန်နဝါရီ(၁၀)ရက် ညပိုင်းလောက်ကလည်း ကျုံလောင်းရွာဟောင်းက စကစပိုင် Mytel တာဝါတိုင်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့လည်း သိရပါတယ်။
