CNF ဌာနချုပ်ကို စစ်ကောင်စီတပ် ဒုတိယအကြိမ်လေကြောင်းတိုက်ခိုက်မှုကြောင့် လူနာဆောင်နဲ့ နေအိမ်အချို့ပျက်စီးပြီး လူထိခိုက်မှုမရှိ

ဇန်နဝါရီ ၁၂၊ The Nation Voice

ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော်(CNF/CNA) ဌာနချုပ် ကို စစ်ကောင်စီက နှစ်ရက်ဆက် လေကြောင်း တိုက်ခိုက်ခဲ့ရာ ဒုတိယ အကြိမ်တိုက်ခိုက်မှုမှာ လူထိခိုက်သေဆုံးတာမရှိဘူးလို့ ချင်းတပ်ဖွဲ့က သတင်းရင်းမြစ်တစ်ဦးက ဒီကနေ့မှာ ပြောပြပါတယ်။

ဇန်နဝါရီ ၁၀ရက် ညနေမှာ ပထမအကြိမ် လေကြောင်း တိုက်ခိုက်ခဲ့တာကြောင့် CNF ရဲဘော် (၅)ဦး ကျဆုံးခဲ့ပြီး (၁၀)ဦးခန့် ဒဏ်ရာရခဲ့ပါတယ်။ ဇန်နဝါရီ ၁၁ရက် ညနေပိုင်းမှာ ထပ်မံ လေကြောင်းကနေ ဗုံးကြဲခဲ့တာဖြစ်ပြီး ဒေသခံတွေကိုဆေးကုသပေးတဲ့ လူနာဆောင်ပျက်စီးမှု ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

အနီးပတ်ဝန်းကျင်ကျေးရွာတွေက လူနာတွေကိုလက်ခံကုသပေးနေတဲ့ ပြင်ပလူနာဆောင်အပါအဝင် လူနေအိမ် အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း Chinland Information Center က မနေ့ညက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ချင်းတပ်ဖွဲ့ ဌာနချုပ်ကိုအခုလို တိုက်ခိုက်တာကြောင့် ချင်းလူမျိုးတွေအနေနဲ့ စစ်ကောင်စီတပ်ကို နာကျည်းစိတ် ပိုမိုဖြစ်ပေါ်စေပြီး တော်လှန်ရေးအပေါ်စိတ်အားထက်သန်မှုကို ပိုမိုခိုင်မာစေမှာဖြစ်ကြောင်း၊ စစ်ကောင်စီကို ဆက်လက် တော်လှန် ခုခံသွားမှာ ဖြစ်ကြောင်း ချင်းအသိုင်းအဝိုင်းက ထုတ်ပြန်အသိပေးထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *