ပေါ်တူဂီမှာ လစာတိုးပေးဖို့ ကျောင်းဆရာ၊ဆရာမတွေ ဆန္ဒပြ

ဇန်နဝါရီ ၂၉၊ The Nation Voice

ကျောင်းဆရာ၊ဆရာမသောင်းဂဏန်းဟာ ပေါ်တူဂီနိုင်ငံ၊လစ်စဘွန်းမြို့အတွင်း လစာတိုးပေးဖို့နဲ့ လုပ်ငန်းခွင်အခြေအနေတွေတိုးတက်လာဖို့တွေအတွက် စုရုံးတောင်းဆိုခဲ့ကြတယ်လို့ Reuters သတင်းကဖော်ပြပါတယ်။

ဆန္ဒပြသူတွေဟာ “ဘဏ်တွေမှာ‌‌ငွေတွေပြည့်နေပေမဲ့၊ ငါတို့မှာတော့ အကြွေတွေပဲရှိတယ်” ဆိုတဲ့ကြွေးကြော်သံတွေနဲ့ ပေါ်တူဂီမြို့တော်ကိုဖုံးလွှမ်းစေခဲ့တယ်လို့ ရဲတပ်ဖွဲ့ဝင်တွေကပြောဆိုပါတယ်။

ဆိုရှယ်လစ်ဝန်ကြီးချုပ် အန်တိုနီယို ‌ကော်စတာဦးဆောင်တဲ့အစိုးရအာဏာရလာပြီး တစ်နှစ်အကြာမှာ အစိုးရရဲ့နာမည်သတင်းကျဆင်းလာခဲ့တာဖြစ်ပါတယ်။ ဒီလိုကျဆင်းလာပြီးနောက်ပိုင်း အခုလိုဆရာ၊ဆရာမတွေရဲ့ ဆန္ဒပြမှုတွေသာမက၊ တခြားပညာရှင်တွေဖြစ်တဲ့ ဆရာဝန်တွေရဲ့ ဆန္ဒပြမှုတွေလည်းပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။

ပညာရေးဝန်ထမ်းများသမဂ္ဂအနေနဲ့ ဆရာ၊ဆရာမတွေနဲ့ ကျောင်းဝန်ထမ်းတွေရဲ့ တစ်လလုပ်အားခကို မူလနှုန်းထားကနေ ၁၂၀ယူရို(အမေရိကန်‌ဒေါ်လာ ၁၃၀) ပိုပေးဖို့ ပေါ်တူဂီအစိုးရကိုတောင်းဆိုထားတာလည်းဖြစ်ပြီး၊ လုပ်ငန်းပိုင်းဆိုင်ရာတိုးတက်လာမှုတွေလည်းပါဝင်တယ်လို့သိရပါတယ်။

အစိုးရအနေနဲ့ ဒီလိုတောင်းဆိုမှုတွေအတွက် ထုတ်ပြန်ချက်တွေထုတ်တာမျိုးမရှိပေမဲ့၊ ပညာရေးဝန်ထမ်းတွေအနေနဲ့ လစာ(၅၂)ယူရို တိုးပြီးရရှိမှာဖြစ်ပြီး၊ စုစုပေါင်းတစ်လကို ယူရို(၂၆၀၀)အထိတိုးမြှင့်ပေးမှာဖြစ်တယ်လို့လည်း‌သိရပါတယ်။

ဆရာ၊ဆရာမတွေအနေနဲ့ဒီလိုတောင်းဆိုရတာဟာ သူတို့ရဲ့ဝင်ငွေဟာ တစ်နေ့တခြားဆိုးဝါးလာနေတာဖြစ်ပြီး၊ လွန်ခဲ့တဲ့ရက်တွေကဖြစ်ပွါးခဲ့တဲ့ နှစ်ပေါင်း(၃၀)အတွင်းအဆိုးဝါးဆုံးငွေကြေးဖောင်းပွမှုကြောင့် အဆိုးဝါးဆုံးအခြေအနေကိုရောက်ခဲ့ရတယ်လို့သိရပါတယ်။

နှစ်ပေါင်းများစွာကြာတဲ့တိုင်အောင် နိုင်ငံရေးသမားတွေအနေနဲ့ ဒီကိစ္စကို အသံတိတ်နေကြတာကြောင့် အခုအချိန်မှာတော့ ဝန်ထမ်းတွေကိုယ်တိုင်ထုတ်ဖော်တောင်းဆိုရတာဖြစ်ကြောင်းနဲ့၊ သူတို့တွေဟာ အလုပ်သာလုပ်နေရပြီး သူတို့အတွက်ဘာမှတိုးတက်မှုရှိမလာဘူးလို့ အသက် ၄၇ နှစ်အရွယ် သိပ္ပံနဲ့ ဇီဝဗေဒဆရာတစ်ယောက်ကလည်းပြောပါတယ်။

နိုင်ငံအတွင်း ပညာရေးဝန်ထမ်းတွေအနက် အနိမ့်ဆုံးလစာရရှိနေသူတွေဟာ တစ်လကို ယူရို (၁၁၀၀)ဝန်းကျင်သာရရှိနေပြီး၊ အမြင့်ဆုံးလစာရရှိတဲ့ ပညာရေးဝန်ထမ်းတွေတောင် တစ်လကို ယူရို(၂၀၀၀)အောင်သာရရှိနေတယ်လို့သိရပါတယ်။ ဒီဇင်ဘာလကတည်းက စတင်ခဲ့တဲ့ ဒီဆန္ဒပြမှုတွေကြောင့် တချို့ကျောင်းတွေပိတ်ထားရပြီး၊ နိုင်ငံအတွင်း ဒီအခြေအနေဟာ ပြည်နယ်ပေါင်း (၁၈)ခုအထိပျံ့နှံ့လာခဲ့ပြီဖြစ်တယ်လို့လည်းသိရပါတယ်။

Source – Reuters

Leave a Reply

Your email address will not be published. Required fields are marked *