ဇန်နဝါရီ ၂၉ ၊ The Nation Voice
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်မှာ ထပ်မံအင်အားဖြည့်တင်းဖို့ မန်ကျည်းပင်စက်လှေ ဂိတ်က တက်လာတဲ့ စစ်ကောင်စီဘက်က စက်လှေ (၃)စီးကို မနေ့ညနေ(၃)ခွဲက ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ Bago Region PDF က ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။
မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီရဲ့ စက်လှေ (၃)စီးဟာ နောက်ကြောင်းပြန်လှည့်သွားခဲ့ရပြီး မိုင်းဆွဲခံရတဲ့ နေရာကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသန်းပစ်ခတ်တာတွေ ပြုလုပ်ခဲ့ပေမယ့် တော်လှန်ရေးတပ်ဖွဲ့ဝင် တွေကတော့ ဘေးအန္တရာယ်မရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။
စစ်ဆင်ရေးကို သာယာဝတီခရိုင် PDF တပ်ရင်း(၃၈၀၁)တပ်ခွဲ(၁)(၂)(၃)(၄) ပူးပေါင်းအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့ဇန်နဝါရီ(၂၆)ရက်နေ့ကလည်း မန်းကျည်းပင်စက်လှေဂိတ်က တက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ကြားဖြတ်တိုက်ခိုက်ရာ (၄)ဦးသေဆုံးပြီး (၆)ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ပါသေးတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဇန်နဝါရီလ(၂၇)ရက်နေ့ကလည်း ပျဉ်းမခေါင်ကျေးရွာအနီး မိုင်းဆွဲတိုက်ခိုက်မှုမှဦ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂)ဦး သေဆုံးပြီး (၃)ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အထိနာလျက်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေမှာ ထပ်မံအင်အားဖြည့်တင်းနေပြီး တိုက်ပွဲတွေ ပိုမိုပြင်းထန်ထာနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်အုပ်စုတွေအနီးမှာ နေထိုင်တာ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အဆက်အသွယ်ပြုလုပ်တာတွေကို ရှောင်ရှားကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်ရင်း တပ်ခွဲတွေက အသိပေးထုတ်ပြန်ထားပါတယ်။

