ဇန်နဝါရီ ၂၉၊ The Nation Voice
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အမတ် (၂)ဦး အပါအဝင် ပါတီဝင် (၈၀) ကျော်နဲ့ပြည်သူလူထု (၃၀၀၀)ကျော်ကို စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့ကြောင်း NLD ဗဟိုအလုပ်ကော်မတီက ဒီကနေ့ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်က ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သူတွေကို အကြမ်းဖက်ပစ်ခတ်ဖြိုခွဲခြင်း၊ပါဝင်သူတွေကိုဖမ်းဆီးခြင်း၊ စစ်ကြောရေး စခန်းတွေမှာ နှိပ်စက်သတ်ဖြတ်ခြင်း၊ ကျေးရွာများ၊ လူနေအိမ်များ နဲ့လူသားများကိုပါ မီးရှို့ဖျက်ဆီး သတ်ဖြတ်ခြင်း၊ ပြည်သူတွေရဲ့ပိုင်ဆိုင်မှုများကိုလုယက်ယူဆောင်ခြင်း စတာတွေကို ကျူးလွန်ခဲ့ရာ အဲဒီလုပ်ရပ်တွေနဲ့ ပတ်သက်ပြီး NLD ရဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုမှတ်တမ်းများ ကောက်ယူရေးအဖွဲ့က ပြုစုထားတဲ့ အချက်အလက်တွေကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
၂၀၂၃ ဇန်နဝါရီ ၅ရက်နေ့အထိ စာရင်းမှတ်တမ်းတွေအရ စစ်ကောင်စီတပ် ဖမ်းဆီးထားစဉ်အတွင်းနဲ့ အကြောင်းမဲ့ သတ်ဖြတ်ခံရသူ (၃,၃၄၆)ဦးရှိကြောင်း၊ အဲ့ဒီထဲမှာ လွှတ်တော်ကိုယ်စားလှယ်(၂) ဦးပါဝင်ခဲ့ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဝင် (၈၄)ဦး ပါဝင်ခဲ့ကြောင်း ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သူ (၁၂,၆၇၀)ဦး ရှိရာ (၃၇၅၈)ဦး ပြန်လည်လွတ်မြောက်လာပြီး (၉၈၁၂)ဦးကျန်ရှိနေကာ လွှတ်တော်ကိုယ်စားလှယ်(၈၀)ဦး အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် (၁,၂၃၂)ဦး ဖမ်းဆီးခံထားရကြောင်း ထုတ်ပြန်ပါတယ်။
ပြည်သူတွေရဲ့ နေအိမ်တွေ အကြမ်းဖက်၊ လုယက်၊ မီးရှို့၊ ဖျက်ဆီးခံရမှု ဖြစ်စဉ်ပေါင်း (၉၁၃)ကြိမ်တွင် အိုးအိမ်အဆောက် အဦးပေါင်း (၃၅,၉၆၉) ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ဆိုပါတယ်။
နေအိမ်အပါအဝင် ပိုင်ဆိုင်မှုတွေကို ချိပ်ပိတ်သိမ်းဆည်းခံရသူ (၆၀၅) ဦးရှိရာ လွှတ်တော်ကိုယ်စားလှယ် (၂၀၆)ဦးရဲ့ ပိုင်ဆိုင်မှုများပါဝင်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် (၃၇၁)ဦးတို့ရဲ့ ပိုင်ဆိုင်မှုတို့ ပါဝင်ခဲ့ကြောင်း ထုတ်ပြန်ဖော်ပြထားပါတယ်။
ပါတီရုံးချုပ်အပါအဝင်အဆင့်ဆင့်သောရုံးများကိုလည်း စစ်ကောင်စီက ကျူးကျော်ဝင်ရောက် ဖျက်ဆီးခြင်း၊ ပါတီပိုင်ပစ္စည်းများကို အဓမ္မယူဆောင်ခြင်း ပြုလုပ်ခဲ့ရာ အကြိမ်ရေ (၁၂၀) ရှိခဲ့တယ်လို့ ဆိုပါတယ်။
အာဆီယံအပါအဝင် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့မြန်မာပြည်သူတွေရဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်နိုင်ရေးလမ်းစဉ်နဲ့ စစ်ကောင်စီကကျူးလွန်သော ရာဇဝတ်မှုများကို နိုင်ငံတကာဥပဒေများနဲ့အညီ ဖော်ထုတ်အရေးယူနိုင်မယ့် လုပ်ငန်းစဉ်များကို ဆောင်ရွက်နိုင်ရေး အခုထက် ထိရောက်စွာ ကူညီပေးကြရန်လည်း NLD က မေတ္တာရပ်ခံ တိုက်တွန်းထားပါတယ်။







