ကိုထက်နှင့်စောဖိုးခွါးရေးသားသည်။
မတ် ၇၊ The Nation Voice
ရန်ကုန်ဟာ မလုံခြုံတော့ဘူးဆိုတဲ့ စကားနဲ့အတူ မန္တလေးမှာလဲ လုံခြုံမှုကမရှိတော့တာ လပေါင်းများစွာ ကြာခဲ့ပြီလို့ ဒေသခံတွေ ဆိုကြတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မင်းအောင်လှိုင်ဦးဆောင်တဲ့ လက်နက်ကိုင်တပ်ဖွဲ့ဟာ ပြည်သူ့လုံခြုံရေးထက် သူတို့ရဲ့လုံခြုံရေးကိုပဲ ဦးစားပေးလုပ်ဆောင်နေခဲ့တာကို ရှင်းရှင်းလင်းလင်းမြင်နေရတယ်လို့ ရန်ကုန်ဒေသခံတစ်ဦးကဆိုပါတယ်။
ရန်ကုန်မြို့နဲ့ မန္တလေးမြို့လယ်က အချက်အခြာကျတဲ့ လမ်းဆုံလမ်းခွတွေက အာဏာသိမ်းစစ်တပ်ရဲ့ လက်နက်ကိုင်အဖွဲ့တွေဟာ ဆန္ဒပြသူတွေကိုဖမ်းဆီးနိုင်ဖို့အတွက်သာ အဆင်သင့်ရှိနေကြဟန် တူတယ်လို့ အဲဒီမြို့ခံကမှတ်ချက်ပြုပါတယ်။ ဒီမြို့ကြီးတွေရဲ့ မြို့လယ်ခေါင်တွေမှာ ဖြစ်ပွါးနေတဲ့ အကြမ်းဖက်မှုတွေ၊ လုယက်မှု၊ ခိုးမှုတွေနဲ့ဓားပြတိုက်မှုတွေအတွက်တော့ အာဏာသိမ်းစစ်တပ်ရဲ့ လက်နက်ကိုင်တွေဟာ တုံဏိဘာဝေရှိနေတာ ဒေသခံတွေ လက်တွေ့သိခဲ့ကြတာ ကြာခဲ့လှပါပြီ။
မြန်မာနိုင်ငံတစ်ဝန်းလုံးမှာတော့ အခုရက်ပိုင်းအတွင်း ဓားပြတိုက်မှု၊လုယက်မှု၊ဖောက်ထွင်းမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်နေပါတယ်။

“ကျွန်တော့်ကို ရန်ကုန်ကားဝန်းကြီးထဲမှာလူအုပ်စုလိုက်က ဓားနဲ့ထောက်ပြီးလုသွားတာ၊ ပိုက်ဆံနှစ်သောင်းရယ် ဖုန်းတစ်လုံးရယ်အလုခံရတယ်၊ အဲ့နားကရဲဂိတ်ထဲကိုသွားတိုင်တယ်၊ကျွန်တော့်ဖုန်းအလုခံရလို့၊အလုခံရတဲ့နေရာလည်းသိတယ်၊ လူတွေကိုလည်းမှတ်မိတယ်လို့သွားပြောတာ အဲ့ရဲတွေကအဲတာငါတို့နဲ့မဆိုင်ဘူး”လို့ ငြင်းပယ်လိုက်တဲ့အကြောင်း ဖုန်းလုယက်ခံရသူတစ်ဦးက ပြန်ပြောပြတယ်။
အာဏာသိမ်းစစ်တပ်ဟာ ရန်ကုန်မြို့အနှံ့ လမ်းဆုံလမ်းခွတွေ တချို့သောဌာနဆိုင်ရာအဆောက်အဦးတွေမှာ လက်နက်အပြည့်အစုံနဲ့ အခိုင်အမာနေရာယူထားကြပေမယ့် လုယက်မှုတွေကိုတိုင်ကြားတဲ့အခါမှာတော့ တာဝန်ယူဖြေရှင်းပေးတာမျိုး မရှိခဲ့ဘူးလို့ လုယက်ခံရသူတွေထဲက အချို့ကဆိုကြပါတယ်။
မြန်မာနိုင်ငံအလယ်ပိုင်းက ကျေးလက်ဒေသတွေနဲ့ တိုင်းရင်းသားဒေသတွေမှာ အာဏာသိမ်းစစ်တပ်ရဲ့ မီးရှို့အကြမ်းဖက်မှုတွေနေ့စဉ်နဲ့အမျှရှိနေပါတယ်။ အခုနောက်ပိုင်းကာလတွေမှာတော့ မြန်မာနိုင်ငံရဲ့ အထင်ကရမြို့ကြီးတွေမှာပါ ခိုးဆိုးလုယက်မှုတွေဆက်တိုက်ပေါ်ပေါက်လာနေတာပါ။
ဒီလိုဖြစ်စဥ်တွေထဲမှာရန်ကုန်မြို့လယ်ခေါင်က မြို့နယ်တစ်ခုဖြစ်တဲ့ ကျောက်တံတားမြို့နယ်က လုယက်မှုကလည်း ဒီနေ့အချိန်ထိ အစပျောက်နေဆဲပါ။
ဖေဖော်ဝါရီ ၂၄ ရက် မနက်ပိုင်းက ယုံရှင်းငွေလွှဲလုပ်ငန်းက ဝန်ထမ်းတွေဟာ ဘဏ်ကနေငွေထုတ်လာပြီး ကျောက်တံတားမြို့နယ်၊ဆိပ်ကမ်းသာလမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာ ကျပ်ငွေသိန်းသုံးထောင် လုယက်ခံလိုက်ရပါတယ်။
ငွေလွှဲလုပ်ငန်းကဝန်ထမ်းတွေဟာ ဆာကူရာဝာာဝါမှာရှိတဲ့ CB Bank ကနေငွေထုတ်လာခဲ့တာဖြစ်ပြီး ဆိပ်ကမ်းသာလမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာ ကျပ်ငွေသိန်းသုံးထောင်လုယူခံလိုက်ရတာဖြစ်ပါတယ်။
ငွေထုတ်ပြီး အပြန်မှာ လူ ၅ ယောက်က ဓားတွေနဲ့ လုယက်သွားတာပါ။

လုယက်သူတွေဟာ အသင့်စောင့်နေတဲ့ကားပေါ်ကို ငွေတွေတင်ပြီး ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။ ဒီဖြစ်စဉ်မှာ အာဏာသိမ်းစစ်တပ်နဲ့သူတို့ရဲ့လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေက စစ်ဆေးမေးမြန်းတာတွေ လုပ်ခဲ့ပေမဲ့အခုဆောင်းပါးရေးနေတဲ့ မတ်လ ၆ ရက်နေ့ညနေပိုင်းအချိန်ထိ ဖမ်းဆီးရမိမှုမရှိသေးပါဘူး။
ဒ့ါအပြင်ရန်ကုန်မြို့၊ ဗိုလ်ချုပ်စျေးမှာရှိတဲ့ Rose Jewellery(နှင်းဆီရတနာ)ဆိုင်ဟာ မတ်လ ၄ ရက်မှာ ဖောက်ထွင်းခံခဲ့ရပြီး တန်ဖိုးကြီးလက်ဝတ်လက်စားနဲ့ ရတနာအများအပြားကိုခိုးယူခံခဲ့ရတယ်လို့ အဲ့ဒီရတနာဆိုင်က သူတို့ရဲ့ လူမှုကွန်ရက်မှာရေးသားထားပါတယ်။
“ဆိုင်နီးနားချင်းမိတ်ဆွေတွေ ဖုန်းဆက်လာပြောလာလို့ သိသိချင်းလိုက်သွားတဲ့အခါ သော့ကွင်းကို အက်ဆစ်နဲ့ဖျက်ထားပြီး တန်ဖိုးကြီးပစ္စည်းတော်တော်များများလည်း ပါသွားတယ်” လို့သူတို့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
ဖောက်ထွင်းသူတွေက ဆိုင်အတွင်းမှာရှိတဲ့မှန်ပုံးတွေကိုဖော်ပြီး ကျောက်စိမ်းလက်ကောက်၊ ကျောက်စိမ်းပန်းပု၊ ကျောက်စိမ်းလက်စွပ်နဲ့ ကျောက်စိမ်းနားကပ်တွေကို ယူဆောင်သွားခဲ့တာလို့ရေးသားထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ရန်ကုန်နဲ့မန္တလေးတင်မကပဲ မြန်မာနိုင်ငံထဲက မြို့တွေမှာရှိတဲ့ စျေးဆိုင်ကြီးတွေအပြင် ရပ်ကွက်ကုန်စုံဆိုင်တွေအထိ ဖောက်ထွင်းခံနေရတာပါ။
“အရင်ကညီမတို့ ရုံးပိုက်ဆံတွေကို ရန်ကုန်မြို့လယ်ခေါင်မှာ အများဆုံး သိန်းရှစ်ရာလောက် ဒါမှမဟုတ် ဒေါ်လာကိုသောင်းနဲ့ချီပြီး ဒီတိုင်းသယ်သွားကြတာ ဒေါ်လာကို အထပ်လိုက်ကိုင်ပြီးသွားကြတယ်၊ဟိုးအရင်တုန်းက ဆိုရင်ပေါ့”လို့ ရန်ကုန်မြို့ရဲ့ အတိတ်ပုံရိပ်ကို ကုမ္ပဏီတစ်ခုရဲ့ဝန်ထမ်းအမျိုးသမီးငယ်တစ်ဦးက သတိတရ ပြန်ပြီးပြောပြပါတယ်။ဒါပေမယ့်လည်း အခုတော့ရန်ကုန်ဟာ မလုံခြုံတော့ပါဘူးလို့ သူမကဆက်ပြောလိုက်ပါတယ်။
မြန်မာနိုင်ငံရဲ့ အထက်ပိုင်း မြန်မာ့ယဉ်ကျေးမှုမြို့တော်လို့နာမည်ကြီးတဲ့ မန္တလေးမြို့ရဲ့ နေ့ရက်တွေမှာလဲ နေ့စဉ်နဲ့အမျှ ဆိုသလို လုယက်မှုတွေကိုရင်ဆိုင်နေရတယ်လို့ မန္တလေးမြို့ခံ အမျိုးသမီးတစ်ဦးက The Nation Voice ကိုပြောပါတယ်။
ဆိုင်ကယ်အစီးများတဲ့ မန္တလေးမှာ လမ်းလျှောက်ရင်းဖုန်းပြောနေသူတွေဆီကဖုန်းကို ဆိုင်ကယ်သမားတွေက လုယူထွက်ပြေးတဲ့ဖြစ်စဉ်တွေမကြာခနဖြစ်ပွါးလေ့ရှိတယ်လို့ အဲဒီအမျိုးသမီးကဆိုပါတယ်။
“လမ်းလျှောက်ရင်းဖုန်းပြောတယ်ဆိုတာထက် ဖုန်းတို့ပိုက်ဆံအိတ်တို့ကို လက်ကဆွဲသွားရင်တောင်လုနေကြတော့ အပြင်ထွက်ရင် တထိတ်ထိတ်နဲ့သွားနေကြရတယ်”လို့ အဲဒီအမျိုးသမီးကဆိုပါတယ်။ဒီလို လုယက်မှုတွေက မန္တလေးတစ်မြို့ထဲမှာတော့မဟုတ်ပါဘူး။ မြန်မာနိုင်ငံအလယ်ပိုင်းက တိုင်းမြို့တစ်ခုဖြစ်တဲ့ မကွေးမှာလဲ လစဉ်တိုင်းနီးပါး ကြုံတွေ့နေရတယ်လို့ မကွေးမြို့ခံတချို့က The Nation Voiceကို အတည်ပြုထားပါတယ်။

ဒီလိုလုယက်တာတွေအပြင် ရန်ကုန်မြို့ပေါ် က BUSကားတွေပေါ်မှာ ခါးပိုက်နှိုက်တာတွေကလည်း နေ့စဉ်လိုလို ဖြစ်နေတယ်လို့ ရန်ကုန်မြို့မှာနေထိုင်သူတွေကဆိုကြပါတယ်။ BUS ကားတွေပေါ်မှာ ခါးပိုက်နှိုက်ခံရရင်လည်း ဘယ်သူမှ ကူညီဖြေရှင်းပေးတာမျိုးမရှိတဲ့အပြင် ဝင်ရောက်ကူညီတဲ့သူတွေကိုလည်း လုယက်သူတွေက ရန်ပြုတိုက်ခိုက်ခဲ့တဲ့ အဖြစ်အပျက်တွေလည်းရှိနေပါတယ်။
ဒါကြောင့်လည်း လုယက်မှုတစ်ခုခုဖြစ်ခဲ့ရင် ပြည်သူတွေဟာဝင်ရောက်ကူညီဖို့အတွက်တွန့်ဆုတ်နေပြီး မသိသလိုပဲနေကြရတယ်လို့ ဆိုကြပါတယ်။
မကြာသေးတဲ့ မတ်လ၅ရက်နေ့နေ့လယ်မှာတော့ လှိုင်သာယာမြို့နယ်မှာ အမျိုးသမီးတစ်ဦးရဲ့ဖုန်းကိုလုပြီး ခေါင်းကိုဓားနဲ့ ခုတ်ထွက်ပြေးတဲ့ ဖြစ်စဉ်တစ်ခုဖြစ်ခဲ့ပါတယ်။
လှိုင်သာယာမြို့နယ် ကမ္ဘာသစ်ဆီဆိုင်ရှေ့မှာ လမ်းလျှောက်လာတဲ့အမျိုးသမီးတစ်ဦးနဲ့အမျိုးသားတစ်ဦးဆီက ဖုန်းကို ဆိုင်ကယ်စီးလာတဲ့အမျိုးသား ၂ ဦးကလုယက်ခဲ့တဲ့အပြင် ဓားနဲ့ခုတ်ပြီးထွက်ပြေးသွားခဲ့တာပါ။
လုယက်ခံရတဲ့အမျိုးသမီးဟာသွေးထွက်လွန်နေတာကြောင့် လူမှုကူညီရေးအသင်းတွေက လှိုင်သာယာဆေးရုံကို ပို့ဆောင်ခဲ့ရပါတယ်။
လုယက်မှုအများစုနဲ့ပါတ်သတ်လို့ ကျူးလွန်ခံရသူတွေဟာ ဒီလိုဖြစ်စဉ်တွေအပေါ်မှာတာဝန်ရှိတဲ့ ရဲစခန်းတွေနဲ့ နီးစပ်ရာ စစ်ကောင်စီ ဂိတ်တွေကို သွားရောက်တိုင်ကြားကြပေမဲ့လည်းတိုင်ကြားမှု အများစုအပေါ်မှာ ကူညီဖြေရှင်းပေးတာမျိုး မရှိဘူးလို့ ဆိုကြပါတယ်။
“ဒီဘက်မှာတော့ သွားရလာရ ဂရုစိုက်ရတယ်။ ဟိုရက်ပိုင်းကပဲ ကျွန်တော့်သူငယ်ချင်းတစ်ယောက် စက်ဘီးခိုးခံရတယ်။ အဲ့ရက်ပိုင်းကဘဲ လူငယ်ကောင်မလေးတစ်ယောက် လုခံရတာ ပစ္စည်းမရလို့ လူကိုပါ ဓားနဲ့ထိုးသွားတယ်။ အဲ့လိုမျိုးပေါ့။ ဘယ်သွားသွားဂရုစိုက်နေရတယ်။ လုယက်မှုတွေကလည်း အရင်ကထက် ပိုပိုများလာတယ်။ ဘတ်စ်ကားစီးရင်လည်းအဲ့လိုဘဲ သတိထားပြီးသွားလာရတယ်။ ပြီးတော့ ပုဇွန်တောင်ဘက်မှာလည်း ညဘက် အလုပ်ဆင်းချိန်ပြန်တော့ ကောင်လေးသုံးယောက်က ဖုန်းတောင်းဆက် သလိုလိုနဲ့ ဖုန်းကိုလုပြီး ဓားနဲ့ထိုးသွားတယ်။အဲ့ဒီကောင်လေးက ခပ်လှန်းလှန်းကလူကို သွားပြီးအကူညီတောင်းတော့ အဲ့အဖွဲ့ကဘဲ ဖြစ်နေတယ်။ အုပ်စုဖွဲ့ပြီး လုပ်ကြတာများတယ်။ ယောင်္ကျားလေးဆိုပြီး ဂရုမစိုက်ဘဲ နေလို့မရဘူး။ ဘယ်အချိန်ကိုယ့်အလှည့်ဖြစ်မယ်ဆိုတာလည်း မသိနိုင်ဘူး”လို့ ရန်ကုန်မြို့က လုယက်မှုတွေနဲ့ပါတ်သတ်ပြီး ပုစွန်တောင်မြို့နယ်မှာနေတဲ့ လူငယ်တစ်ဦးက The Nation Voice ကိုပြောပါတယ်။

“အရင်ကဆိုအခုလောက်လဲ မများသလို ပစ္စည်းရရင်လည်း ရတဲ့ပစ္စည်း ယူပြီး ထွက်သွားတာဘဲ ၊လူကို ဒုက္ခမပေးဘူးအခုကတော့ပိုပြီးဂရုစိုက်ရတာပေါ့ ၊ အခုက လိုချင်တဲ့ပစ္စည်းသေးသေးကြီးကြီး ရသွားရင်တောင် ကိုယ့်ကို ဒုက္ခပေးသွားတဲ့အခြေအနေမျိုးဖြစ်နေတယ်”လို့ သူကဆက်ပြောပါတယ်။
အာဏာသိမ်းစစ်တပ်က နိုင်ငံတော်ရဲ့ လုံခြုံရေး တရားဥပဒေစိုးမိုးရေး အေးချမ်းသာယာရေးတို့ကို လွှဲပြောင်း တာဝန်ယူပြီးတရားဥပဒေစိုးမိုးရေးလုပ်ဆောင်နေတယ်လို့ သူတို့ရဲ့ဝါဒဖြန့်မီဒီယာတွေကတဆင့်ပြောနေပါတယ်။ ဒါပေမယ့်အာဏာသိမ်းပြီး၂နှစ်ကျော်ကာလအတွင်းနိုင်ငံအနှံ့မှာတော့လုယက်မှုတွေဓားပြတိုက်မှုတွေဟာ မကြာခဏဆိုသလိုတစ်နေ့တခြား ပိုပြီးဖြစ်ပွားလာနေတာကိုတွေ့ရပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့အဖွဲ့ဝင်တွေကလုံခြုံရေး တင်းကြပ်စွာ တာဝန်ယူ စောင့်ရှောက် နေတယ်ဆိုတဲ့ အချိန်မျိုးမှာတောင် နိုင်ငံတစ်ဝန်းကမြို့တွေမှာ သိန်းထောင်ချီတဲ့ ဘဏ်ဓားပြတိုက်မှုတွေကစလို့ ကုမ္ပဏီဓားပြတိုက်မှုတွေ၊ လုယက်မှုတွေ၊နေ့ခင်းကြောင်တောင် အိမ်ပေါ်တက်အလုခံရတာတွေ ကိုယ်ပိုင်ကားနဲ့ သွားနေတာတောင် တံခါးဆွဲဖွင့်ပြီး လုယက်ခံရတာတွေရှိနေခဲ့တာပါ။

ဒါ့အပြင် ကားကို လုယက်ယူဆောင်သွားတာတွေ ဘတ်စ်ကားပေါ်မှာ ဓားပြတိုက်လုယက်မှုတွေ လမ်းမပေါ်မှာ ဆွဲကြိုးဖြတ်တာ ဖုန်းလုတာ ဆိုင်ကယ်လုယူတာနဲ့ အိမ်ခြံဝင်းထဲဝင်ပြီး ဆိုင်ကယ်ခိုးတာ တိုက်ခန်းပေါ်တက် အိမ် တံခါးခေါက်ပြီး လုယက်တာ တိုက်ခန်းအောက်က ရေမော်တာတွေဖြုတ်ခိုးတာ ရပ်ထားတဲ့ကားက ဘက်မှန်တွေဖြုတ်ခိုးတာအပြင် လမ်းပေါ်က ရေမြောင်းအဖုံးကအစ အခိုးခံရတာတွေကို နေ့စဉ်နဲ့အမျှ ပြည်သူတွေရင်ဆိုင်နေကြရပါတယ်။
ရန်ကုန်ဟာမလုံခြုံတော့ပါဘူး၊ ဒါ့အပြင်နိုင်ငံတစ်ဝန်းလုံးက မြန်မာပြည်သူတွေရဲ့ နေ့စဉ်ဘဝတွေဟာလည်း မလုံခြုံမှုတွေနဲ့အတူ ဖြတ်သန်းနေကြရဆဲပါလို့ရန်ကုန်အခြေစိုက် သတင်းထောက်တစ်ဦးက မှတ်ချက်ပြုထားပါတယ်။
ကိုထက်နှင့်စောဖိုးခွါးရေးသားသည်။