တိုက်ပွဲမဝင်ရပဲ သေဆုံးနေကြတဲ့ အာဏာသိမ်းစစ်တပ်အဖွဲ့ဝင်များ

မတ် ၁၀၊ The Nation Voice

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အာဏာသိမ်းစစ်တပ်ရဲ့အဖွဲ့ဝင်တွေဟာ စစ်မတိုက်ရပဲ သေဆုံးနေခဲ့ကြရပါတယ်။

စစ်ခေါင်းဆောင်အလိုကျ ပြည်သူ့အပေါ်နှိပ်စက်နေတဲ့အာဏာသိမ်းစစ်တပ်က တပ်ဖွဲ့ဝင်တွေဟာPDFတွေနဲ့တိုက်ပွဲမဖြစ် ပေမယ့် မတော်တဆမှုဖြစ်တာတွေ အချင်းချင်းပစ်ခတ်တာတွေကြောင့် သေဆုံးမှုတွေဆက်တိုက် ရှိနေတယ်လို့ သတင်းအချက်အလက်တွေအရ သိနိုင်ပါတယ်။

ရှမ်းပြည်နယ်၊ ဟိုပုန်းတပ်နယ်ကဗိုလ်မှူးတစ်ဦးဟာ ခွင့်ယူပြီးရန်ကုန်မှာရှိတဲ့မိသားစုဆီကို မတ်လ ၄ ရက်နေ့က ခရီးသည်တင်ကားနဲ့ပြန်ရာမှာ ကားမှောက်မှုမှာ ပါဝင်ပြီးသေဆုံးသွားခဲ့ပါတယ်။

ဒါ့အပြင်မတ်လ ၂ရက်နေ့ကလည်း သာယာဝတီခရိုင် မင်းလှမြို့နယ်မှာရှိတဲ့ PDFတွေဆီကို စစ်ကြောင်းထိုးဖို့လာတဲ့ အင်အား ၆၀ ခန့်ပါတဲ့ စစ်ကား၃စီးအနက်မှာ တစ်စီးတိမ်းမှောက်ပြီး ဗိုလ်မှူးအဆင့်ရှိသူတစ်ဦး ပွဲချင်းပြီးသေဆုံးသွားခဲ့ပါတယ်။

မင်းလှမြို့နယ်ထဲက ခါချဥ်တောင်ဆိုတဲ့ တောင်ပေါ်ကိုတက်သွားတဲ့စစ်ကား ၃ စီးအနက်မှာ ၂စီးက အရှိန်မထိန်းနိုင်ပဲ နောက်ကိုလန်ကျပြီး ဗိုလ်မှူးတစ်ဦးလိုက်ပါလာတဲ့ကားပေါ်ကို ပြုတ်ကျလို့ ဗိုလ်မှူးစီးလာတဲ့ကားက ချောက်ထဲကိုထိုးကျသွားခဲ့တာပါ။ ကားမှောက်တဲ့ဖြစ်စဉ်မှာ စစ်ကြောင်းမှာပါဝင်တဲ့ ဗိုလ်မှူးသေဆုံးခဲ့ပါတယ်။ ကားမှောက်တဲ့အတွက် အာဏာသိမ်းစစ်တပ်ရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ မင်းလှမြို့နယ်တွေထဲက PDF တွေဆီကိုတော့ တိုက်ပွဲဝင်ဖို့ မရောက်လိုက်ကြရတော့ပါဘူး။

“သေလိုက်ရင် ဗိုလ်တွေ တပ်ကြပ်ကြီးတွေ CQ တွေများတယ်၊ ဒီကောင်တွေက မသထာ ရေစာစားထားတော့ အဲ့လိုကောင်တွေသေကြတာ၊ စစ်ကောင်စီဂိတ်တွေမှာဆိုရင် ကားတိုင်းကိုပိုက်ဆံတောင်းတယ်၊ ပိုက်ဆံမပါတဲ့ ကားသမားမျိုးတွေကို ပိုက်ဆံမတောင်းပဲ လွှတ်ပေးလိုက်ရင် တာဝန်ကျတဲ့စစ်သားကပါးရိုက်ခံရတယ်” လို့ ဒီလိုဖြစ်စဉ်တွေအပေါ် စစ်ကောင်စီရဲ့ဂိတ်တွေကိုစောင့်ခဲ့ဖူးသူ CDMစစ်သားတစ်ဦးကပြောတယ်။

ဒီလိုဖြစ်စဉ်တွေကို ဖော်ပြတဲ့သတင်းတွေမှာ ပြည်သူအချို့ကတော့ ပြည်သူ့ကျိန်စာသင့်လို့ဖြစ်ရတယ်လို့ မှတ်ချက်ပြုကြသလို၊ ပြည်သူတွေအပေါ် မတရားဖိနှိပ်လို့ အကုသိုလ်အကျိုးပေးတာလို့လည်း ပြောဆိုဝေဖန်မှုတွေရှိနေပါတယ်။

လွန်ခဲ့တဲ့ရက်တွေအတွင်း အာဏသိမ်းစစ်တပ်ရဲ့ လက်အောက်ခံတပ်သားတွေဟာ မတော်တဆမှုတွေ အချင်းချင်းပစ်ခတ်မှုတွေကြောင့် သေဆုံးခဲ့ကြရပါတယ်။

မတ်လ ၂ ရက်နေ့က ရေစကြိုမြို့မှာ မြို့ပေါ်ကျောင်းတွေအတွက် မေးခွန်းသယ်ပြီးပြန်လာတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကား ၃စီး မိုင်းဆွဲခံရပါတယ်။ ဒီဖြစ်စဉ်မှာ အာဏာသိမ်းစစ်တပ်က စစ်သားအချင်းချင်းပစ်ခတ်မိလို့ ၂ဦး သေဆုံးသွားခဲ့ပါတယ်။

“စကစ ဘယ်လောက် အင်အားကြီးတယ်ပဲပြောပြော အချိန်တန်ရင် ချိနဲ့လာတာပဲ၊ စစ် ကောင်စီရဲ့ပြောနေကျစကားကတော့ တရားသောစစ်နိုင်စမြဲပဲလေ ၊အချိန်ကာလ တစ်ခုပေါ့ နောက်ပြီး ပြောရရင် ပြည်သူတွေရဲ့ ‌ငိုကြွေးသံတွေ နားကျည်းသံတွေ ခံစားခဲ့ ခံစားနေရဆဲ ဒုက္ခတွေ အားလုံးဟာ စကစတွေဘက်ကို ပြန်လှည့်လာနေပြီဆိုတဲ့ အရိပ်အရောင် အတိတ်နမိတ်ပြတာပဲလေ၊ ဒီလိုဖြစ်တာလဲ မထူးဆန်းပါဘူး အချိန်ကျပြီလေ ပြည်သူအားတင်းထားဖို့ ပဲလိုပါတယ် အရေးတော်ပုံ အောင်မြင်ဖို့ နမိတ်လို့ပဲမြင်တယ် အောင်ကိုအောင်ရမည် ဘာသာရေးကို ဖြည့်စွပ်ပြီးပြောရရင်တော့၊အာဏာရှင်အတွက် ဝဋ် ဆိုတာ လည်လာပီပေါ့”လို့ အာဏာသိမ်းစစ်တပ်ရဲ့ အဖွဲ့ဝင်စစ်သားတွေသေဆုံးမှုနဲ့ပတ်သတ်ပြီးNLDပါတီဝင်တစ်ဦးကမှတ်ချက်ပြုပါတယ်။

မတ်လ၂ရက်နေ့မှာပဲ မိုးညိုမြို့နယ်၊ အိုးဖိုကျွန်းအုပ်စု၊ အောင်ရတနာရပ်ကွက်မှာ ဂျင်ဝိုင်းထဲ ဝင်ကစားနေတဲ့ ရဲတပ်ကြပ်တစ်ဦးဟာ စကားအချေအတင်များပြီးဓားနဲ့အထိုးခံရလို့ဆေးရုံတင်လိုက်ရပါတယ်။

ဒါ့အပြင် ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ် ပုသိမ်-မုံရွာကား လမ်းမပေါ်မှာ စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြစာတန်း ချိတ်ဆွဲထားတာကို ဖြုတ်ဖို့လာတဲ့ စစ်ထောင်လှမ်းရေးတစ်ဦးလည်း ရပ်ထားတဲ့ ဆယ်ဘီးကားကို ဝင်တိုက်ခဲ့လို့ ပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ်။ ဒါကဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ ဖြစ်ခဲ့တာပါ။ မနက် ၆ နာရီလောက်မှာဆန္ဒပြစာတန်းကို ဖြုတ်ဖို့ ဆိုင်ကယ်နဲ့အလာမှာ ရပ်ထားတဲ့ ဆယ်ဘီး ကုန်တင်ယာဉ်ကို ဝင်တိုက်ပြီး သေဆုံးခဲ့တာပါ။

ဒီဖြစ်စဥ်ကိုရေးသားထားတဲ့ သတင်းမှာတော့ “ရပ်ထားတဲ့ဆယ်ဘီးကုန်တင်ကားကိုတောင် မမြင်အောင်အကုသိုလ်စိတ်နဲ့ မောဟတွေဖုံးလွှမ်း နေခဲ့တယ်လို့” ပြည်သူတွေက ဝေဖန်မှတ်ချက်ပြုခဲ့ကြပါတယ်။

“ပြည်သူ့ကျိန်စာမိလို့သေတာတွေလည်းရှိတယ်၊ လက်ရှိကျနော်တို့တောင်မှ ပြည်သူကျွေးတဲ့ထမင်းနဲ့ဟင်းကို စားသုံးနေရတယ်၊ စားသုံးရတဲ့အချိန်မှာလဲ သစ္စာဆိုစားရတာဖြစ်တယ်၊ကျမ်းသစ္စာဆိုတာ တကယ်စူးပါတယ်” လို့စစ်ကိုင်းတိုင်းထဲကပြည်သူ့ကာကွယ်ရေးတပ်မတော်သားတစ်ဦးကဆိုပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ လက်အောက်ခံတပ်သားတွေဟာ ပြည်သူတွေဆီကရတဲ့အခွန်တွေကတစ်ဆင့် လစာထုတ်စားနေကြတဲ့သူတွေ ဖြစ်ပါတယ်။

ပြည်သူကျွေးတဲ့ထမင်းကိုစားပြီး ပြည်သူကိုပြန်နှိပ်စက်ညှင်းပန်းသတ်ဖြတ်နေတဲ့ လုပ်ရပ်ဟာ တစ်ခုမဟုတ်တစ်ခု ပြန်ပြီး ခံစားရမှာလည်းဖြစ်တယ်လို့ CDM စစ်သားတစ်ဦးကမှတ်ချက်ပြုပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း အာဏာသိမ်းစစ်တပ်ရဲ့ တပ်သားတွေဟာ ပြည်သူတွေအပေါ်သတ်ဖြတ်တာ၊ နေအိမ်တွေကိုမီးရှို့တာ အမျိုးသမီးတွေကိုမုဒိမ်းကျင့်သတ်ဖြတ်တာ၊ ပြည်သူ့ချွေးနည်းစာတွေကို မတရားလုယူတဲ့ လုပ်ရပ်တွေကြောင့်ပြည်သူတွေကလည်း မုန်းတီးစက်ဆုပ်နေခဲ့ပြီလို့ စစ်ကိုင်းတိုင်းထဲက ဒေသခံတွေက ဆိုပါတယ်။

ဟိုးအရင်ကမြန်မာနိုင်ငံမှာစစ်သားတွေသေဆုံးရင်ပြည်သူ့စစ်သားဆိုပြီးသနားဂရုဏာထားဝမ်းနည်းခဲ့ကြဖူးပေမဲ့ ၂၀၂၁ခုနှစ် အာဏာသိမ်းပြီးကာလနောက်ပိုင်းတွေမှာတော့ နည်းမျိုးစုံနဲ့ဒုက္ခရခဲ့ကြရတဲ့ ပြည်သူတွေဟာ အကြောင်းအမျိုးမျိုးကြောင့် စစ်သားတွေသေချိန်မှာ အားရဝမ်းသာမှတ်ချက်ပြုလာကြတော့တာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *